Saturday, October 30, 2010

ကျွန်တော်နှင့် နေ့စွဲ၊ ရက်စွဲများ… (Dates)

Saturday, October 30, 2010
မရေးတာကြာပြီဖြစ်သော ဘလောဂ့်ကို မကြည့်ပဲပစ်ထားတာလည်းကြာပါပြီ။ တစ်နေ့ကမှ သတိရ၍ပြန်ကြည့်လိုက်တော့ ကိုအတွေးကမ္ဘာက ဆီဗုံးမှာ (:P) တဒ်ထားတာတွေ့ရသည်။ ကဲရေးပြီးဗျာ...။

ခေါင်းစဉ်ကစပြောတာပေါ့...။ အလင်းစက်ကွာ… နေ့စွဲဖြင့်နေစွဲ... ရက်စွဲဖြင့်ရက်စွဲလုပ်ပါ... ဘယ်နဲ့ နေစွဲ၊ ရက်စွဲဆိုတော့ နှစ်ခုဖြစ်မနေဘူးလား။ ဟဲဟဲ….ဟုတ်ပဗျာ... အင်္ဂလိပ်လိုဆိုရင်တော့ တစ်လုံးတည်းရှင်းတာပေါ့... ။ မြန်မာလိုကျတော့ နည်းနည်းအသေးစိတ်သွားတယ်ထင်ပါ့။ နေ့ နဲ့ရက်ကို ပါခွဲသွားတယ်။ ငယ်ငယ်ကတည်းက မြန်မာလိုတွေရေးတဲ့အခါ နှစ်ခုလုံးနဲ့ သုံးတာတွေ့၏။ ဘယ်ဟာက အမှန်ဆိုတာ မခွဲတတ်။ စာချုပ်များအား ရေးပေးရတတ်သော ကျေးဇူးရှင် ဖခင်ကြီးကတော့ သူရဲ့ လယ်ပေါင်၊ ယာပေါင်စာချုပ်တွေမှာ တွေ့၍ မေးလျှင် ရက်စွဲ မှာ နေ့နာမည်မပါဘဲ၊ နေ့စွဲမှာတော့ နေ့နာမည်ပါ ထည့်မှတ်ကြောင်း ရှင်းပြတတ်၏။

၎င်းနေ့စွဲ၊ ရက်စွဲများကို ကျွန်တော်နည်းနည်းတော့ ဖြုံ၏။ တစ်ခါတစ်ရံ အထင်ကရနေ့ကိုများပင် မေ့နေတတ်၏။ ကျောင်းသားဘဝက သမိုင်းသင်လျှင် အတန်းထဲတွင် ဆရာ၏ မေးခွန်းများ၌ နေ့စွဲပါလာ ကသူ့စက်ကွင်းမှ လွတ်အောင်ရှောင်၏။ စာမေးပွဲများတွင် ၎င်းမေးခွန်းမျိုးပါလာလျှင် အမှတ်လျော့ဖို့သာပြင်။ အဖြစ်အပျက်ကို မှတ်မိ၏။ ရက်စွဲတွေကိုတော့ မေ့တာများပါသည်။ ပထမဆုံးထားခဲ့တဲ့ ချစ်သူရဲ့ မွေးနေ့ကို မမှတ်မိသလို စတွေ့တဲ့နေ့ကိုလည်း သတိမရပါ။ အဲ့ အကြောင်းအရာ၊ အဖြစ်အပျက်တွေကိုတော့ သတိရ၏။ သူငယ်ချင်းတစ်ယောက်ကတော့ ပြောဖူး၏။ ဖြစ်ပြီးတဲ့ အကြောင်းအရာတွေနှင့်ပတ်သက်လျှင် အမောင်ပုရိသ ယောင်္ကျားတို့ကား အဖြစ်အပျက်တို့ကိုသာ မှတ်ထားတတ်ပြီး၊ ဣိတ္တိယ မိန်းမသားတို့ကား ရက်စွဲ၊ နေ့စွဲများကို ပို အလေးပေးမှတ်သားထားတတ်သည် ဆို၏။ စိတ်ဝင်စားသူများ သုတေသနပြုကြပါကုန်။

ထိုသို့ သမိုင်းထဲက အထင်ကရ ရက်စွဲများကို မေ့တတ်သော၊ ချစ်သူများ၏ နေ့စွဲများကိုမေ့တတ်သော ကျွန်ုပ်သည် ထိုရက်စွဲများဖြင့် ပတ်သက်သောအလုပ်တွင် အလုပ်ရ၏။ ကဲ မခက်ဘူးလား… ရေငတ်သူ ရေတွင်းထဲ ကျတာမဟုတ်ပဲ၊ သဲကန္တာရကို ခရီးထပ်ပြီးထွက်ခြင်းပင်။ မတတ်နိုင် ကိုယ်တိုင်က ဒီလမ်းကို ရွေးချယ်ထားမှတော့ ဆက်လျှောက်ဖို့သာပင်။ တစ်ခုတော့ သတိယ၏၊ ရှေးကမြန်မာပညာရှိများနည်းကိုသုံးလျှင် အဆင်ပြေနိုင်သည်။ ဆိုပါစို့ ကမ္ဘာ့အထင်ကရ မင်းကွန်းခေါင်းလောင်းကြီး၏ အလေးချိန်ကို (မင်းဖြူမှန်မှန်ပြော) ဟုပြောင်းလိုက်၏။ ပိဿာချိန် (၅၅၅၅၅) ရှိသည်ကိုဆိုလိုခြင်းပင်။ မန္တလေးမြို့တည်နှစ် ၁၂၂၁ ကို (အောင်ကျော်ချမ်းအေး-မန္တလေး) ဟုပြောင်းပြီးမှတ်၏။ ဗေဒင်နည်းနည်းပါးပါး တီးခေါက်မိသူများ လွယ်ကူစွာ နံပါတ်များသို့ ပြန်ပြောင်းနိုင်၏။ အသစ်တွေဘယ်လောက်ကောင်းကောင်း အဟောင်းကိုတော့ တဝဲလည်လည် ဆိုသည်မှာ အမှန်ပင်ဖြစ်တော့၏။

3 comments:

အတွေးကမ္ဘာ..မှတ်တမ်း said...

နေ့စွဲ ရက်စွဲတွေ သိပ်အလုပ်ဖြစ်တာဗျ.. မှတ်မထားနဲ့လေ စာချုပ်ထဲ(သို့) ပရိုဂရမ် ထဲမှာရှိပြီးတာပဲ.. အပေါင်စာချုပ်ဆို.. သတ်မှတ်ရက်စွဲ ကျော်တာနဲ့ အိုကေပြီ.. ဟီးး (ပေါင်တဲ့သူကတော့ ငိုနေမှာပေါ့ :P)၊ ရက်စွဲတွေပါတဲ့ ပရိုဂရမ် ဆွဲတာ တော်တော်လေးဈေးကြီးတာပဲဗျာ.. နည်းနည်းပိုရအောင်တောင်းဗျ.:D

အလင်းစက် said...

အလုပ်တော့ဖြစ်ပါရဲ့ဗျာ... ဟိုစကားပုံလိုပေါ့...ကောင်းတော့ကောင်းတယ် မျက်စိစပ်တယ်... ဆိုလားပဲ... ပရိုဂရမ်တွေကို ကဗျာစပ်ရင် ကောင်းမလားလို့... ဟား..ဟား..

အလင်းစက် said...

စကားပုံမှားလို့ပြန်ပြင်ထားပါတယ်... (မင်းဖြူမှန်မှန်ပြော) ပါ... (မ) မပါ ပါဘူး...

 
Design by Pocket