Sunday, November 29, 2009

မန္တလေး စကား၊ ရန်ကုန် အကြွား၊ မော်လမြိုင် အစား

Sunday, November 29, 2009
မန္တလေး စကား၊ ရန်ကုန် အကြွား၊ မော်လမြိုင် အစား

အသင် စာဖတ်သူ... အထက်ပါ ခေါင်းစဉ်ကို ဘယ်လိုနားလည်ပါသလဲ...။

မန္တလေး စကား ဆိုတော့ မန္တလေးသူ မန္တလေးသားများ စကားပြောကောင်းတာကို ဆိုလိုတာလား... ဒါမှမဟုတ်စကားတတ်တာကို ပြောချင်တာလား... ဒါမှ မဟုတ် သူတို့ပြောတဲ့ စကားတွေက ရှေးမူနန်းဟန်တွေ ပါနေလို့လား...။

ရန်ကုန်က အကြွားဆိုတော့ကော... ရန်ကုန်သူ ရန်ကုန်သားများ အကြွားသန်လို့လား... လူပုံအလယ်မှာ ကြွားကြွားဝံ့ဝံ့နေတတ် ပြောတတ်တာကိုဆိုလိုတာလား...။

မော်လမြိုင် အစားတဲ့... ဒါကလည်း မော်လမြိုင်သူတွေ အစားပုပ်တာလား... အစားကောင်းကောင်းချက်တတ်တာလား...။ အစားအစာ ပေါတာလား...။

မြန်မာစကား တယ်လဲ ရှုပ်သကိုး... နော့။ :)

အကျွန်ုပ် နားလည်သလို ဆိုရပါလျှင် မန္တလေးသူ၊သား များစကားတတ်တာကို ဆိုလိုတာ မဖြစ်နိုင်ချေ။ သူတို့ စကား အသုံးအနှုံး ကြွယ်ဝသည်ကို ဖော်ပြလိုချင်း ဟုနားလည်ပါသည်။ ရန်ကုန် အကြွားဆိုသည်မှာလည်း ရန်ကုန်သူ၊သား များ ကြွားဝါသည် ကို ဆိုလိုချင်း မဟုတ်ပဲ ၀ံ့ဝံ့ကြွားကြွားနေတတ်သည်ကို မှတ်တမ်းတင်ထား ခြင်း ဖြစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ရန်ကုန်တွင် အကြွားသန်သော အညာသားများ ရွှေဆွဲကြိုး လက်သန်းလောက်ကြီးတွေဝတ်ပြီး ဟန်ရေးပြသည်ကို တွေ့ဖူးသောကြောင့်ဖြစ်ပါသည်။ အပြောကောင်း၍ စကားချိုသော ရန်ကုန်သား အများကိုလည်း တွေ့ဖူးပါ၏။ မော်လမြိုင်ကတော့ အစားပေါသလို၊ မော်လမြိုင်သူတွေ ဟင်းချက်ကောင်းကြသည်ဟု ကြားဖူးသည်။ လက်တွေ့တော့ မကြုံဖူးသေးပါ။ အစားပုပ်ကြတာတော့ မဖြစ်နိုင်ချေ။ အဲ့...သူငယ်ချင်းတစ်ယောက်၏ ရည်းစား မော်လမြိုင်သူ တစ်ယောက်ကတော့ တော်တော်ဝပါသည်။ မော်လမြိုင်သူ လုံးကြီးပေါက်လှ ဟူသော စကားအတိုင်းလည်း ဖြစ်နိုင်ပါသည်။

ဒါပေသည့် ပြောသူနှင့် အပြောခံရသူ၊ အချိန် နှင့် နေရာ အပေါ်တွင်လည်း မူတည်နေပါသေးသည်။ ဥပမာ အထက်ပါ စကားကို ရန်ကုန်သားတစ်ယောက် စပြောလျှင် မန္တလေးသား များ စကားတတ်၍၊ မော်လမြိုင်သူများ အစားပုပ်သည်ဟု နားလည်မှု လွယ်နိုင်ပါသည်။ :) ထို့အတူ မန္တလေးသားတစ်ယောက် ကပြောခဲ့လျှင်လည်း ရန်ကုန်သားများ အကြွားသန်ကြသည်ဟု ထင်စရာဖြစ်နိုင်ပေသည်။ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် တို့ကို ရန်တိုက်ပေးနေချင်း မဟုတ်ပါ။ မြန်မာစကား အဓိပ္ပာယ်အတိမ်အနက် နှင့် မြန်မာ့ဓလေ့ ကိုရေးမိခြင်းသာ ဖြစ်ပါသည်။ အကြောင်းကား အကျွန်ုပ်၌ အောက်ပြည်က သူငယ်ချင်း အများအပြားရှိပါသောကြောင့် သူတို့အကြွားများဖြင့် အပေါက်ခံရပါက အညာသား အကျွန်ုပ် ပြေးစရာ မရှိပါသောကြောင့် ဒီနေရာတွင် ရပ်လိုက်ရပါသည်။ (သူငယ်ချင်းတွေရေ... နောက်တာနော်... မင်းတို့မကြွားတတ်တာငါသိပါတယ်... ဟဲ..ဟဲ... :P)
 
Design by Pocket