Sunday, January 10, 2010

ကြားဖူးတဲ့ ဟာသ...

Sunday, January 10, 2010

ဒီ ဟာသလေးကို တင်ဖို့ရည်ရွယ်ထားတာ ကြာပြီ။ ဟိုတလောက ရေးပြီး သိမ်းလိုက်တာ။ ပြန်ဖွင့်တော့ လေးဒေါင့်တွေချည်းပေါ်လာတယ်။ သိမ်းတာ မှားသွားလို့။ ခုတော့ ပြန်ရိုက်ပေးလိုက်ပါတယ်။ ရေးချင်တာက ဟာသ ပုံပြင်လေးပါ။ ငယ်ငယ်က ကြားခဲ့ဘူးတာလေး။ သူများပြောပြတာ ပြန်ပြောပြရမှာဆိုတော့ ရယ်ရမယ်လို့တော့ ထင်တာပဲ။ မရယ်ရလဲ ပြုံးတော့ပြုံးလိုက်ပါ။ ကျွန်တော်ငယ်ငယ်၊ သုံးတန်းကျောင်းသား အရွယ်၊ အိမ်က ရှင်ပြုပေးပြီး ဘုန်းကြီးကျောင်းကို လိုက်နေရတဲ့ အချိန်ကကြားခဲ့ဘူးတာ။ တစ်ခါမှ အိမ်နဲ့ခွဲဘူးတာ မဟုတ်တော့ ရောက်စက မပျော်ပါဘူး။ ညဆိုလဲ ဆာလိုက်တာမပြောပါနဲ့တော့။ ကိုရင်ကြီးတွေကတော့ ပျော်အောင်ထားပါတယ်။ ကျောင်းထိုင်ဘုန်းကြီး မသိအောင် ငှက်ပျောသီးတို့၊ ပေါက်ပေါက်ဆုပ်တို့ ယူကျွေးကြတယ်။

ဘုန်းကြီးကျောင်းနားမှာ ပုံပြောကောင်းတဲ့ ဦးလေးကြီးတစ်ယောက် ရှိတယ်။ ၅၀ ကျော်လောက်တော့ ရှိမယ်ထင်တယ်။ ခုပြောမဲ့ ပုံပြင်က သူပြောပြတာ။ ကိုရင်တွေကို ပြောပြတာ ဆိုတော့ ကိုရင်နဲ့ ပတ်သက်တဲ့ ပုံပြင်ပါပဲ။ ဒါပေမယ့် အဲဒိ အချိန်တုန်းက တော်တော် ရယ်ခဲ့ရတယ်။ ဒီလိုဗျ။

တစ်ခါက ရွာကြီးတစ်ရွာမှာ အလွန်အစသန်တဲ့ ကိုထူးဆိုတာရှိတယ်။ ကိုထူးက လူပျိုကြီး တစ်ကိုတည်းသမားပါ။ တစ်နေ့တော့ ကိုထူး ဘာစိတ်ကူးပေါက်သည် မသိ ကိုရင်ဝတ်လိုက်ပါတယ်။ အဲဒိတော့ လူပျိုကြီးကိုထူး ကနေ ကိုရင်ကြီးကိုထူး ဖြစ်သွားတာပေါ့။ လူပျိုကြီးကနေ ကိုရင်ကြီးဖြစ်ပေမယ့်လို့ ဆွမ်းကတော့ ကိုယ့်ဟာကို ခံစားရတာပါပဲ။ တစ်နေ့တော့ ကိုရင်ကြီးတစ်ခုကြံတယ်။ တော်တော်စွန့်စားရမယ့် အလုပ်ပါ။ ပိပိရိရိ ရှိရမယ်။ မဟုတ်ရင် သူကြီးထိပ်တုံးစာမိမယ်။

အကြံကတော့ ရွာထဲက ဆွမ်းခံ လှည့်နေကျအိမ်က အပျိုကြီး မတုတ်နဲ့ဆိုင်တယ်။ မတုတ်ဆိုတာလဲ အပျိုကြီးတစ်ကိုတည်းပဲ။ ကိုရင်ကြီးလဲ သူအကြံကို အကောင်အထည်ဖော်ဖို့ နောက်တစ်နေ့မှာ စောစောဆွမ်းခံထွက်တယ်။ အပျိုကြီးအိမ်ရှေ့ရောက်တော့ ဆွမ်းရပ်တယ်။ သပိတ်လေးပိုက်ပြီးတော့ပေါ့။ (ပုံပြောနေရင်းနဲ့ ဦးလေးကြီးက မေးတယ်ဗျ။ ကိုရင်တို့ဆွမ်းခံရင် သပိတ်ကို ဘယ်လိုကိုင်သလဲတဲ့။ အမှန်ကတော့ ကိုရင်တွေသိပြီး သားပါ။ သပိတ်ကို လက်တစ်ဖက်က မထားပြီး ကျန်လက်တစ်ဖက်နဲ့ အဖုံးကို ဖွင့်ပေးရတာ။ သူကလဲ အကြောင်းရှိလို့မေးတာပါ။) အပျိုကြီးလဲ ဆွမ်းလာလောင်းပါတယ်။ ထူးဆန်းတာက အရမ်းစောနေသေးတာပဲ။ အခြားအိမ်နီးချင်းတွေတောင် အဆင်သင့် မဖြစ်ကြသေးဘူး။ အပျိုကြီးသာ တစ်ကိုယ်တည်း ၀ီရိယကောင်းလို့။ ဒါကို ကိုရင်ကြီးသိလို့ စောစောလာတာ။ အဲမှာ အပျိုကြီး ဆွမ်းလောင်းနေရင်းနဲ့ ကိုရင်ကြီးတစ်ခု လုပ်လိုက်တယ်လေ။ အဲဒါကတော့ သပိတ်ကြီးပိုက်ပြီး လှမ်းနမ်းလိုက်တာပဲဗျို့။ လူပျိုကြီးများ မလွယ်ဘူးနော်။ J အပျိုကြီးလဲ လန့်သွားတာပေါ့။ ကိုရင်ဖြစ်နေတော့လဲ ရန်တွေ့ဖို့က အခက်။ ဘာမှတော့ မပြောပါဘူး။ ကိုရင်ကြီးကိုထူးကတော့ အခြားအိမ်တွေတောင် ဆွမ်းမခံတော့ ကျောင်းကို တစ်ခါတည်းပြန်တယ်။ ဆွမ်းလည်းမစားဘူး။ ပျော်လည်းပျော် သူကြီးကိုလည်းတိုင်မှာ ကြောက်ရတယ်။

အပျိုကြီးလည်း ဘယ်နေမလဲ သူကြီးကို သွားတိုင်တာပေါ့။ နောက်နေ့လည်းကျရော သူကြီးဆီက ခေါ်စာ ရောက်လာတယ်။ ကိုရင်ကြီး သိလိုက်ပြီး။ ဒါ အပျိုကြီးကိစ္စပဲ ဖြစ်ရမယ်။ ငါတော့ ထိပ်တုံးစာ မိပြီ ဆိုပြီး ကျောင်းခန်းထဲက မထွက်ပဲ အကြံထုတ်တော့တာပဲ။ ဟိုစာအုပ်ကောက်ဖတ် ဒီစာအုပ်ကောက်လှန်နဲ့ နောက်ဆုံး ကြံရာမရ ဆေးကျမ်းတွေ ကောက်ဖတ်နေတော့တယ်။ အဲမှာ ထိပ်ကပ်နာဆိုတာ သွားတွေ့တယ်။ ထိပ်ကပ်နာ သဘောကား နှာရည်ယို၊ နှာခေါင်း တရှုံ့ရှုံ့ ဖြစ်၏ လို့ ဆေးကျမ်းကဆိုတယ်။

နောက်နေ့လဲကျရော ကိုရင်ကြီးလည်း သူကြီးအိမ်ကို သွားတယ်။ ဒါပေမယ် ရိုးရိုးပုံမှန်သွားတာ မဟုတ်ဘူး။ ထိပ်ကပ်နာရောဂါသည်တစ်ယောက်အနေနဲ့ သွားတာ။ စကားတစ်လုံးမပြောခင် နှာခေါင်း နှစ်ခါလောက် ရှုံ့တယ်။ တရှူးရှူး တရွှတ်ရွှတ်နဲ့ပေါ့။ ရွှတ်…ဒကာကြီး…ရွှတ်…နေကောင်းလား…ရွှတ်..။ အဲလို သဏ္ဌာန်လုပ် သရုပ်တူအောင် သူကြီးကို နှုတ်ဆက်တယ်။ နှာခေါင်း တရှုံ့ရှုံ့ဖြစ်နေတဲ့ ကိုရင်ကြီးကို ကြည့်ပြီး သူကြီးလည်း မျက်စိလည်သွားတယ်။ အတိုင်ခံရတဲ့ ကိုရင်ကြီးက ရောဂါသည်ဖြစ်နေပါလားပေါ့။ ဒါပေမယ့် အပျိုကြီးကလည်း တိုင်ထားတာဆိုတော့ မေးတော့မေး ရမှာပါပဲဆိုပြီး အမှုကိုစပါတယ်။ အပျိုကြီးကို စမေးတယ်။ အပျိုကြီးလည်း ဖြစ်ကြောင်းရယ်ကုန်စင် ပြောပြရတာပေါ့လေ။ ပြီးတော့ ကိုရင်ကြီးကိုမေးတယ်။ ကိုရင်ကြီးကလည်း ဘယ်ဝန်ခံမလဲ။ ငြင်းပါတယ်။ ငြင်းတာမှ နှာခေါင်းတရှုံ့ရှုံ့နဲ့ကို ငြင်းတာ။ ဒီအမှုမှာ ကိုရင်ကြီး နိုင်ပါတယ်။ ကိုရင်ကလည်းဖြစ်၊ ရောဂါကလည်းရှိနေ၊ အကြောင်းပြတာကလဲ ကြည့်ပါဦး။ အပျိုကြီးကို သူမနမ်းရပါ။ တိုက်ဆိုင်မှုသာ ဖြစ်ပါသည်တဲ့။ ကိုရင်ကြီးက နှာခေါင်း အရှုံ့၊ ဒကာမကြီးက ဆွမ်းလောင်းတာနဲ့ ကြုံသွားတာပါ ဆိုပဲ။ အမှုက ဒီတင် မပြီးပါ။ ကိုရင်ကြီးနိုင်ပါသည်။ နောက်သူကြီးကို ပြန်တောင်းဆိုပါသည်။ အပျိုကြီး ဒကာမကို ပြန်ပြီးတရားစွဲလို၏။ ဘာမှုလဲ ဆိုတော့ အသရေဖျက်မှုတဲ့။ သူကြီးလည်းစဉ်းစားသွား၏။ ဟုတ်တော့လည်းဟုတ်သည်။ ဒီအမှုက သေးသေးမဟုတ်။ ကိုရင်ဆိုတော့ ပိုဆိုးနေ၏။ ကျောင်းထိုင်ဆရာတော် ကိုလည်းကြောက်ရသေး၏။ သူ့တပည့်ကို အသရေဖျက်တာ သိသွားရင် မလွယ်။

ဒါနဲ့ ကိုရင်ကြီးအားကျေနပ်စေရန် အပျိုကြီးအား တောင်းပန်ခိုင်း၏။ ကိုရင်ကြီးကမကျေနပ်။ သင်္ကန်းတစ်စုံ နှင့် ငွေ ၅၀ ပေးမှ ကျေနပ်လေ၏။ ဒါနဲ့ အပျိုကြီးကား နောက်ဆုံးလက်နက်သာ သုံးနိုင်ရှာ၏။ နှာခေါင်းလေး တရှုံ့ရှုံ့၊ မျက်ရည်လေး တစမ်းစမ်း နှင့် ငိုလေ၏။ ကိုရင်ကြီးကား သူကြီးအိမ်က အထွက် အပျိုကြီးနှင့် နှစ်ယောက်တည်းတွေ့တော့ ရောဂါထလေ၏။ ရွှတ်…ငွေ ၅၀ လည်းရ၊ ရွှတ်… သင်္ကန်းတစ်စုံ လည်းရ၊ ရွှတ်…နမ်းလည်းနမ်းရ။ အပျိုကြီးက ငို၍ ရွှတ်…ကိုရင်ကြီး ရွှတ်…တပည့်တော်မ ရွှတ်… ထပ်တိုင်လိုက်မှာနော် ဟု ပြောတော့၊ ကိုရင်ကြီးက ရွှတ်…ထပ်တိုင်တော့ ရွှတ်…ထပ်ရတာပေါ့ ဟု ပြန်ပြောလိုက်လေ၏။ (ကိုအတွေးကမ္ဘာ... ခင်ဗျားကို ပြောတာ မဟုတ်ဘူးနော်...ဟဲဟဲ... ) :)

 
Design by Pocket