Saturday, May 29, 2010

ပန်းတိုင်

Saturday, May 29, 2010
"လှိုင်းကြမ်းလေကြမ်းတွေကို ကြောက်လို့ ကိုလံဘတ်(စ်) [Christopher Columbus] သာ ရွက်မလွှင့်ခဲ့ဘူးဆိုရင်... အမေရိကတိုက်ကို တွေ့ရှိခဲ့မှာ မဟုတ်ဘူးတဲ့…"

အဲဒိ စကားပုံကို အရင်ကနားမလည်ခဲ့ဘူး။ ဆိုလိုတာကိုလည်း တော်တော်နဲ့ သဘောမပေါက်ခဲ့ဘူး။ နောက်တော့မှ စာတွေဖတ်တာများလာတာရယ်၊ ကိုယ့်အတွေ့အကြုံတွေ ပေါင်းစပ်ပြီး ရေးရေးလေး သဘောပေါက်လာခဲ့တယ်။

လူတွေဟာ အခက်အခဲတွေ၊ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်ဓာတ်ကျတယ်၊ စိတ်ညစ်တယ်၊ မိမိကိုယ်ကို ယုံကြည့်မှုတွေနည်းလာတတ်တယ်။ အချို့လူတွေက လွယ်လွယ်နဲ့ လက်လွှတ်တတ်ကြတယ်။ ဒါဟာလူတိုင်းမှာ ဖြစ်လေ့ရှိပါတယ်။

ဒါပေမယ့် စိတ်ဓာတ်ကြံ့ခိုင်သူတွေကတော့ ဇွဲ၊လုံ့လနဲ့ ကြိုးစားရင် မိမိတို့လိုချင်တဲ့ အောင်မြင်မှုတွေ ရသွားကြတယ်။ တွေ့လာတဲ့ ပြဿနာတွေကို ထိပ်တိုက်ရင်ဆိုင်ပြီး မိမိတို့လိုချင်တဲ့ အောင်မြင်မှုကို ရအောင်ဖန်တီးတတ်ကြတယ်။ အဲလိုလူမျိုးတွေက အထက်ပါစကားပုံထဲက ကိုလံဘတ်နဲ့ တူတယ်။ ပြဿနာတွေ့ရင် ရှောင်မသွားဘူး။ ရင်ဆိုင်ဖြေရှင်းချင်တဲ့စိတ်ရှိတယ်။ နောက်ပြီး သံပါတ်ကုန်ပြီး ရပ်နေတဲ့ နာရီထဲကလက်တံလို လူမျိုးတွေပေါ့။ ရှေ့ဆက်မသွားနိုင်ရင် ရပ်နေမယ်၊ ဘယ်တော့မှနောက်ပြန်မသွားဘူး ဆိုတဲ့စိတ်ဓာတ်ပိုင်ရှင်တွေ။

နောက်တစ်မျိုးက ရင်ဆိုင်ရတဲ့ပြဿနာချင်းအတူတူ ရှောင်ကွင်းပြီးသွားတတ်တဲ့လူမျိုး။ အဲလိုလူမျိုးကျတော့ သူတို့ရည်းမှန်းထားတာ ဝေဝါးနေတတ်တယ်။ အများအားဖြင့် လူအထင်ကြီးခံရနိုင်တဲ့ အလုပ်မျိုးကို ရွေးလုပ်လေ့ရှိတတ်တယ်။ သူတို့ရောက်နေ၊ ရနေတဲ့ဟာတွေက လူတွေရဲ့အလည်မှာ အထင်ကြီးခံရနိုင်တယ်။ ဒါပေမယ့် အဲဒါဟာ သူတို့ရဲ့ ရည်မှန်းချက် အစစ်မဟုတ်တတ်ဘူး။ သူတို့ရဲ့အောင်မြင်မှုကို သူများနဲ့ နှိုင်းယှဉ်တတ်တယ်။ ပတ်ဝန်းကျင်ရဲ့ အထင်ကြီးမှု နဲ့ ဝေဖန်မှုတွေကို လိုက်လုပ်တတ်တဲ့ လူတွေဖြစ်နေတာများတယ်။

စိတ်ဓာတ်ကြံ့ခိုင်သူတွေက မိမိတို့လုပ်ဆောင်ချက်တွေကို မိမိတို့ရည်မှန်းထားတဲ့ အတိုင်းရင်ဆိုင် လုပ်ကိုင်တတ်ပေမယ့်၊ ဆန့်ကျင်ဘက်တွေကတော့ မိမိတို့အောင်မြင်မှုကို ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေ နဲ့ အမြဲနှိုင်းယှဉ်ပြီး အသာရဖို့ပဲ လုပ်ဆောင်တတ်ကြတယ်။

အောက်ပါ အဖြစ်အပျက်လေးကို ကြည့်ကြရအောင်။ ရွာတစ်ရွာမှာ အလွန်ဆင်းရဲတဲ့ မိသားစုတစ်စုရှိတယ်။ အဲဒီမိသားစုမှာ အသောက်အစားမက်ပြီး စီးပွားရေးမလုပ်တတ်တဲ့ အဖေရယ်၊ မိသားစုကို ကောင်းကောင်းမထိန်းသိမ်းတတ်တဲ့ အမေရယ် နဲ့ ပညာဥာဏ်ကောင်းပြီး အုပ်ထိန်းမှုမကောင်းလို့ ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတဲ့ သားနှစ်ယောက် ရှိတယ်။ အဲဒိ မိသားစုဟာ ဆင်းရဲတယ်ဆို ပေမယ့် ဘိုးဘေးတွေချန်ထားခဲ့တဲ့ အမွေတွေ အများကြီးရှိတယ်။ ထုခွဲရောင်းချလို့ရတဲ့ ပစ္စည်းတွေကုန်သလောက် ဖြစ်နေပေမယ့် အခြားရွှေပြောင်းလို့ မရတဲ့ ပိုင်ဆိုင်မှုတွေ အများကြီး ကျန်နေသေးတယ်။ ဒါတွေကို စီမံခန့်ခွဲ လုပ်ဆောင်နိုင်ရင် သူတို့ရဲ့ဘဝဟာ ဘိုးဘေးတွေ လက်ထက်ကလို ချမ်းသာကြွယ်ဝလာမယ်ဆိုတာကို သိနေတဲ့သားနှစ်ယောက်ဟာ ပညာသင်ဖို့အတွက် အနီးအနားက မြို့လေးတစ်မြို့ကို ရောက်လာကြတယ်။

ဒီလိုနဲ့ ပညာသင်ကြားရင်း ညီအစ်ကို နှစ်ယောက်လုံးဟာ မိမိစီးပွား မိမိရှာနိုင်တဲ့လူတွေ ဖြစ်လာကြတယ်။ အဲဒိမြို့မှာပဲ ပညာတတ်တွေကို စုဆောင်းပြီး သူလက်အောက်မှာ အလုပ်လုပ်စေတဲ့ သူဋ္ဌေးတစ်ယောက်ရှိတယ်။ ပညာတတ်တွေဟာ သူလက်အောက်မှာ လုပ်ရတာကို ဂုဏ်ယူတတ်ကြတယ်။ အဲဒိသူဋ္ဌေးရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ အောင်မြင်မှုကလည်း အနီးအနားမြို့တွေအထိပါ ပြန့်နှံ့တာကြောင့် သူဆီမှာ အလုပ်လုပ်သူတိုင်းကို လူတွေက အထင်ကြီးလေးစားကြတယ်။ အကြောင်းကတော့ အရည်အချင်းရှိတဲ့ သူတွေသာ သူဆီမှာအလုပ်ရကြလို့ပဲ။

ညီအစ်ကို နှစ်ယောက်လည်းသူဆီမှာ အလုပ်ရကြပါတယ်။ ဒါပေမယ့် ရည်မှန်းချက်တွေ မတူတော့ပါဘူး။ အစ်ကိုကြီးက အလုပ်ကသင်ယူရသမျှ လေ့လာမှတ်သားတယ်။ နောင်တစ်ချိန် မိမိတို့ ပိုင်ဆိုင်ထားတဲ့ အမွေတွေကို ဘယ်လိုတိုးပွားအောင် လုပ်မလဲဆိုတာကိုပဲ ရည်းမှန်းထားတယ်။ ညီငယ်ကတော့ မိမိရရှိထားတဲ့ အလုပ်မှာပဲ လူတွေရဲ့ အလေးပေးခံရမှု၊ အထင်ကြီးခံရမှုတွေနဲ့ ပျော်မွေ့နေတယ်။

အလုပ်ပညာတွေစုံတဲ့ တစ်နေ့ ညီအစ်ကို နှစ်ယောက် အလုပ်က ထွက်ဖို့တိုင်ပင်တယ်။ ညီဖြစ်သူက မထွက်ချင်တော့ဘူး။ သူရဲ့လက်ရှိအောင်မြင်နေမှုကို လက်မလွှတ်ချင်ဘူး။ ဘဝကို အသစ်ကပြန်စရမှာကို ကြောက်ရွံ့နေတယ်။ အဲဒိလို ပြန်စရမှာကိုလည်း သူတတ်ထားတဲ့ပညာတွေနဲ့ မတန်တော့ဘူးလို့ထင်နေတယ်။ နောက်တစ်ခုက အလွန်လူရည်လည်တဲ့သူဋ္ဌေးက သူတို့ကို တရားဝင်မွေးစားသားအဖြစ် ပေးခြင်းပါပဲ။

အစ်ကိုဖြစ်တဲ့သူကတော့ မွေးစားသားဘဝကို လက်မခံပါဘူး။ သူရဲ့ ရည်မှန်းချက်အတိုင်း မိသားစုဆီပြန်လာပြီး စီးပွားရေးကို ဦးဆောင်လုပ်ကိုင်ပါတော့တယ်။ မိခင်နဲ့ဖခင်ကို ဖျောင့်ဖျစည်းရုံးပြီး ဘဝကို ခက်ခဲကြမ်းတမ်းစွာ ပြန်စပါတယ်။ ဒီလိုနဲ့ နှစ်အနည်းငယ်ကြာလာ တဲ့အခါမှာ သူရဲ့ကြိုးစားအားထုတ်မှု၊ မိဘများရဲ့ အားပေးနားလည်း လိုက်လျောမှုတွေကြောင့် စီးပွားရေးဟာ ကောင်းမွန်တိုးတက် လာပါတော့တယ်။ ကိုယ်ပိုင်လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ရင်း လူအများက အသိအမှတ်ပြုရတဲ့ သူဋ္ဌေးလေးတစ်ယောက် ဖြစ်လာပါတယ်။

မွေးစားသားဖြစ်တဲ့ ညီငယ်ကတော့ သူ့လိုမျိုးမွေးစားသားပေါင်းများစွာ ရှိတဲ့ သူဋ္ဌေးရဲ့ လက်အောက်မှာ ဆက်လက်လုပ်ကိုင်ရင်းနဲ့သာ ဘဝကိုပျော်မွေ့နေတော့တယ်။

ကဲ… အသင်စာဖတ်သူကော... ကိုလံဘတ်(စ်)လို အစ်ကိုမျိုးလား... ညီငယ်ဖြစ်တဲ့သူလို မွေးစားသားလား။


1 comment:

အတွေးကမ္ဘာ..မှတ်တမ်း said...

တခါတလေ..အစုန်သွားလို့ ရနေရင်...မဆန်တာကောင်းပါတယ်...သက်သာတာပေါ့..ဟီးးးး Idea လေးကို မှတ်သားသွားပါတယ်...

 
Design by Pocket